၂၀၂၀ ခုနှစ်တွင် စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှုသည် (-) ၁၂ ရာခိုင်နှုန်းမှ (-) ၉ ရာခိုင်နှုန်း ဘောင်အတွင်း ကျဆင်းနိုင်ကြောင်း၊ ယခင် ဖေဖော်ဝါရီလ ၁၇ ရက်က ထုတ်ပြန်ခဲ့သော ရှေ့ပြေးခန့်မှန်းချက် (-) ၀.၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းဘောင်အတွင်းထက် များစွာလျှော့ချလိုက်ကြောင်း စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနလက်အောက်ရှိ Enterprise Singapore ၏ ၂၆-၅-၂၀၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
IMF သည် ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးမှာ ၃.၃ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း ၎င်း၏ ယခင်ခန့်မှန်းချက်နှင့်ဆန့်ကျင်လျက် လက်ရှိအနေအထားအရ ကမ္ဘာ့ စီးပွားရေးမှာ (−) ၃ ရာခိုင်နှုန်း ခန့် ကျဆင်းနိုင်သည်ဟု ပြောင်းလဲခန့်မှန်းထားကြောင်း၊ COVID-19 ထိန်းချုပ်မှုအစီအမံများနှင့် ကမ္ဘာ့ဝယ်လိုအားကျဆင်းနေခြင်း တို့က အာဆီယံမှ (၅) နိုင်ငံ၊ အမေရိကန်နှင့် EU နိုင်ငံများ အပါအဝင် စင်ကာပူ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်ထုတ်လုပ်မှုအခြေအနေသည် အရှိန်နှေးကွေး သွားနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းအား ယခင်က ၆ ရာခိုင်နှုန်းရရှိမည်ဟု ခန့်မှန်းခဲ့ရာမှ ယခုအခါ ၁.၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ အိန္ဒိယ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကိုလည်း ယခင်ခန့်မှန်းချက် ၅.၈ ရာခိုင်နှုန်းမှ ၁.၉ ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချခဲ့ကြောင်း၊ ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှုအခြေအနေသည် (-) ၃၂ ရာခိုင်နှုန်းမှ (-) ၁၃ ရာခိုင်နှုန်းအတွင်း ကျဆင်းနိုင်သည်ဟု WTO က ပြင်ဆင်ခန့်မှန်း ခဲ့ကြောင်း၊ ဤအခြေအနေ မှာ WTO ၏ ယခင်ခန့်မှန်းချက် ၂.၇ ရာခိုင်နှုန်းတိုးတက်မှုနှုန်းမှ ဆန့်ကျင်ဘက်သို့ရောက်ရှိခဲ့ပြီး အထူးသဖြင့် မြောက်အမေရိကနှင့် အာရှဒေသရှိ ပို့ကုန်များအပေါ် များစွာထိခိုက်နိုင်ကြောင်းနှင့် ဒေသအားလုံးနီးပါးတွင် ကုန်သွယ်မှုသည် ရာခိုင်နှုန်းအားဖြင့် ဂဏန်းနှစ်လုံးအထိ ကျဆင်းနိုင်ကြောင်း သုံးသပ်ထားပါသည်။
လက်ရှိ စက်သုံးဆီစျေးနှုန်းကျဆင်းနေသောအခြေအနေကလည်း စင်ကာပူ၏ စက်သုံးဆီ ကုန်သွယ်မှုအပေါ်သက်ရောက်မှုရှိပြီး ကုန်သွယ်မှုကဏ္ဍတစ်ခုလုံးအပေါ် ဖိအားဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့ရာတွင် စက်သုံးဆီမပါဝင်ဘဲ ပြည်တွင်းပို့ကုန်မှာ ၂၀၂၀ ခုနှစ်တွင် (-) ၄ ရာခိုင်နှုန်းမှ (-) ၁ ရာခိုင်နှုန်းဘောင်အတွင်းသာ ကျဆင်း နိုင်ကြောင်းနှင့် ၂၀၂၀ ခုနှစ် ပထမ (၃) လပတ်အတွင်း စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှုမှာ ၀.၆ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း ဝန်ဆောင်မှုကုန်သွယ်ရေးပိုင်းတွင် (−)၃.၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။
(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)
သတင်းရင်းမြစ် ။ ။ Enterprise Singapore, Ministry of Trade & Industry, Singapore